Human Rights Human Dignity International Film Festival

လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာနိုင်ငံတကာ ရုပ်ရှင်ပွဲတော်

Travelling Film Festival

ခရီးသွားရုပ်ရှင်ပွဲတော်

Documentary Film Workshop

မှတ်တမ်းရုပ်ရှင် သင်တန်း


Film Festival Clip 2017

Human Rights Film Festival at University 2016

Human Dignity Film Institute

လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံ

လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံအား ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နိုင်ငံတကာ ရုပ်ရှင်ပွဲတော် တစ်ခုဖြစ်သည့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ နေပြည်တော်ရုပ်ရှင်ရုံနှင့် Junction Square ရုပ်ရှင်ရုံ တို့တွင် ၂၀၁၃ ဇွန်လ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့၏။ ထို့နောက် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ခရီးသွား ရုပ်ရှင်ပွဲတော်ကို မကွေးမြို့တွင် ၂၀၁၃ စက်တင်ဘာလ၌ အောင်မြင်စွာ ကျင်းပခဲ့၏။

ဤသို့ဖြင့် နှစ်စဉ်နှစ်တိုင်း ရန်ကုန်မြို့၌ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၊ မြန်မာနိုင်ငံအဝှမ်း၌ ခရီးသွား ရုပ်ရှင်ပွဲတော်များ ကျင်းပခဲ့ရာ ၂၀၁၇ ဒီဇင်ဘာလအထိ ရုပ်ရှင်ပွဲတော်ပေါင်း ၁၂၄ ပွဲကို ကျင်းပပြီးခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ပူတာအို၊ မြန်မာနိုင်ငံ တောင်ပိုင်းတွင် ကော့သောင်၊ မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် တာချီလိတ်၊ မြန်မာနိုင်ငံ အနောက်ပိုင်းတွင် တောင်ကုတ်၊ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ပုဂံ၊ ရှမ်းပြည်နယ်တွင် အင်းလေး၊ ရခိုင်ပြည်နယ်တွင် ငပလီ၊ အစိုးရ ရုံးစိုက်ရာ နေပြည်တော်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ မြစ်ကြီးနား နည်းပညာတက္ကသိုလ် အပါအဝင် တက္ကသိုလ်ကောလိပ် ၂၄ ခု၊ ပိုးကရင် ဓမ္မကောလိပ်၊ နတ်မောက်၊ ဝဲကြီးကျေးရွာ၊ ကချင်ဂျန်မိုင်ကောင်း စစ်ဘေးရှောင်စခန်း၊ ဝဇီရာရုပ်ရှင်ရုံ၊ junction city ရုပ်ရှင်ရုံ၊ ဆူးလေဘုရားလမ်း မဟာဗန္ဒုလ မြက်ခင်းပြင်စသည်ဖြင့် မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အမေရိကန်၊ အိန္ဒိယနှင့် မလေးရှားနိုင်ငံတို့တွင်လည်း ခရီးသွားရုပ်ရှင်ပွဲတော်များ ကျင်းပခဲ့သည်။

၂၀၁၃ မှ ၂၀၁၇ အထိ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ၅ ကြိမ်အတွင်း ပြည်တွင်းရုပ်ရှင် ၁၇၇ ကားနှင့် ပြည်ပရုပ်ရှင် ၁၃၉ ကား၊ စုစုပေါင်းရုပ်ရှင် ၃၁၆ ကားကို ရွေးချယ် ပြသခဲ့၏။ မြန်မာနိုင်ငံ တစ်ဝှမ်း ရုပ်ရှင်ပွဲတော်များကို တက်ရောက် ကြည့်ရှုသူ တစ်သိန်းခွဲခန့် ရှိခဲ့သည်။ လာရောက်ကြည့်ရှုသည့် ပရိသတ် အရေအတွက်နှင့်ပြသသည့် ရုပ်ရှင်ကား အရေအတွက်တို့ အရ လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ရုပ်ရှင်ပွဲတော်၊ အရှေ့တောင်အာရှနိုင်ငံများ၏ အကြီးမားဆုံး လူ့အခွင့်အရေးရုပ်ရှင်ပွဲတော် ဖြစ်နေ၏။ ထို့ပြင် နော်ဝေ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဂျပန်နှင့် အမေရိကန် စသည့် နိုင်ငံပေါင်း ၃၈ နိင်ငံအဖွဲ့ဝင် အဖြစ်ပါဝင်သော Human Rights Film Network အဖွဲ့က လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်အား အဖွဲ့ဝင်ရုပ်ရှင်ပွဲတော် တစ်ခုအဖြစ် အသိအမှတ်ပြုထား၏။

၂၀၁၃ ခုနှစ်မှစ၍ ၄ လခွဲကြာ မှတ်တမ်းရုပ်ရှင်ရိုက်ကူးရေး သင်တန်းကိုလည်း နှစ်စဉ်ပို့ချခဲ့ရာ ၂၀၁၆ အထိ နိုင်ငံအနှံ့အပြားမှ လူငယ် ၃၆ ယောက် တက်ရောက် သင်ယူခဲ့၏။ လူ့ဂုဏ်သိပ္ပံရုပ်ရှင်သိပ္ပံသည် မှတ်တမ်းရုပ်ရှင် ၃၆ ကားနှင့် ဇာတ်လမ်းတိုရုပ်ရှင် ၁၅ ကား၊ စုစုပေါင်း ရုပ်ရှင် ၅၁ ကားကိုလည်း ထုတ်လုပ်ခဲ့သည်။

ထို့ပြင် လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ တိမ်မြုပ်နေသည့် Openair Cinema ကိုလည်း ပြန်လည် ဖေါ်ထုတ်ပေးခဲ့သည်။ ၂၀၁၅ ဇန်နဝါရီလ ၁၃-၁၄ က လွိုင်ကော်မြို့ ကယားနေ့ပွဲတော်ည၏ ကွင်းပြင်ထဲတွင် ယင်း Openair Cinema ကို ပြန်လည် အသက်သွင်းပေးခဲ့၏။ ထို့နောက် ကျေးရွာ လယ်ကွင်းများ၊ မြစ်ဘေး ချောင်းဘေးများ၊ ကမ်းခြေများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စစ်ဘေးရှောင်စခန်းများမှသည် မဟာဗန္ဒုလပန်းခြံ အထိ Openair Cinema ပေါင်းများစွာကို ပြသခဲ့သည်။

ယင်းလူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံ၏ လုပ်ငန်းစဉ်များထဲမှ ရုပ်ရှင်ပွဲတော်ကျင်းပခြင်းနှင့် သင်တန်းပို့ချခြင်း လုပ်ငန်းစဉ်များကို ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက်နေ့မှစ၍ ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။ ။

လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံ ၄ ဇန်နဝါရီ ၂၀၁၈

ORGANIZED BY